Uncategorized, Wellness, Mental Health, Knowledge

အနားယူခြင်း (၇)မျိုး…

😊 အားလပ်ရက်လေးမှာ အနားယူကြစို့နော်…အနားယူဆိုတာနဲ့ အိပ်ဖို့ပဲ မတွေးလိုက်ကြနဲ့ဦးနော်…အနားယူခြင်းမှာလည်း အမျိုးမျိုးရှိပါတယ်။ ဘယ်လိုမျိုးအနားယူတာက ကိုယ်နဲ့ပိုသင့်တော်မလဲဆိုတာလေးကို သိချင်တယ်ဆိုရင်တော့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။🤗🤗

(၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း

နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့အခါ ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းစေပါတယ်။ ကြွက်သားနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတာဖြစ်ပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာပင်ပန်းတာအတွက် အနားယူနည်း (၂)နည်းရှိပါတယ်။ ပထမနည်းကတော့ ဘာမှမလုပ်ပဲ အနားယူလိုက်ပါ တစ်ရေးလောက်မှေးလိုက်ပါ။ ဒုတိယနည်းကတော့ ပေါ့ပေါ့ပါးပါး အကြောလျှော့တာ၊ ယောဂကျင့်တာ၊ လမ်းထွက်လျှောက်တာ၊ အနှိပ်ခံလိုက်တာမျိုးတွေလုပ်ပါ။

(၂) စိတ်ပိုင်းဆိုင်ရာ အနားယူခြင်း

လူကအနားယူနေပေမယ့် စိတ်က အမြဲတမ်းဟိုတွေး ဒီတွေး တွေးနေတယ်ဆိုရင် စိတ်အနားရမှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ကို အနားပေးဖို့အတွက် ဖုန်းခဏပိတ်လိုက်တာ၊ Social Media သုံးတာ ခဏနားလိုက်တာ၊ တရားမှတ်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေလုပ်လို့ရပါတယ်။

(၃) စိတ်ခံစားချက်ဆိုင်ရာ အနားယူခြင်း

နေ့ရက်တိုင်း စိတ်အတက်အကျရှိနေတတ်တာဖြစ်သလို ဝမ်းနည်းတဲ့အခါ၊ အားမလိုအားမရဖြစ်တဲ့အခါ၊ အပြစ်တင်စိတ် ဖြစ်တဲ့အခါမျိုးတွေရှိပါတယ်။ ဒီလိုမကောင်းတဲ့ စိတ်ခံစားချက်တွေက ပင်ပန်းစေနိုင်တာကြောင့် အနားယူဖို့အတွက် တစ်ယောက်တည်းနေကြည့်ပါ။ စိတ်ရှုပ်စရာတွေကို တတ်နိုင်သမျှ ဝင်မပါပါနဲ့။ ခံစားချက်တွေကို ဖွင့်ချရေးတဲ့ အလေ့အကျင့်လုပ်ပါ။ သဘာဝနှင့် ထိတွေ့ပါ။

(၄) လှုံ့ဆောင်မှုများမှ အနားယူခြင်း

နေ့စဉ် ဆူညံသံတွေ၊ အလင်းတွေ၊ အပူအအေးတွေ၊ အနံ့တွေစသဖြင့် ကောင်းတာတွေရော မကောင်းတာတွေရော များနေတဲ့ ဒီလှုံ့ဆော်မှုတွေကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့အခါ ကိုယ်တိုင်တောင်မသိလိုက်ပဲ ပင်ပန်းနေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအာရုံတွေကနေ အနားယူဖို့အတွက် တိတ်ဆိတ်တဲ့ အခန်းထဲမှာ အနားယူပါ။ ရေချိုးပါ။ ပျော့ပျောင်းငြင်သာတဲ့ တီးလုံးလေးတွေ ဖွင့်ထားပါ၊ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပါ။

(၅) ဖန်တီးမှုတွေကနေ အနားယူခြင်း

နေ့စဉ်နဲ့အမျှ တီထွင်ဖန်တီးမှုတွေ ပြုလုပ်နေရတဲ့သူတွေက ဦးနှောက်ညောင်းပြီး ပင်ပန်းလာတတ်တာကြောင့် အနားယူဖို့ လိုပါတယ်။ ဒါကြောင့် တီထွင်ဖန်တီးတဲ့ အလုပ်တွေကနေ ခဏအနားယူလိုက်ပါ၊ ကိုယ်ဝါသနာပါရာ၊ ပျော်ရာကို လုပ်ကြည့်ပါ၊ တစ်ခါမှ မလုပ်ဖူးတဲ့ ဖန်တီးမှုတွေ လုပ်ကြည့်ပါ။ ဒီလိုအနားပေးမှ ဦးနှောက်လည်း အနားရပြီး ပိုကောင်းတဲ့ အိုင်ဒီယာတွေထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၆) လူမှုအသိုင်းအဝိုင်းမှ အနားယူခြင်း

လူပေါင်းများစွာနဲ့ ပြောဆိုဆက်ဆံနေရတဲ့အခါ ကြာလာရင် စိတ်မောလူမော ဖြစ်လာမှာပါ။ လူမျိုးစုံ စရိုက်မျိုးစုံနဲ့ တွေ့ရတဲ့အခါ ပင်ပန်းလာတာ သဘာဝပါ။ ဒီကနေ အနားယူနိုင်ဖို့ ဆိုရင်တော့ တစ်ယောက်တည်း အချိန်ဖြုန်းကြည့်ပါ၊ လူများတဲ့ပွဲလမ်းသဘင်တွေရှောင်ပါ၊ တကယ်ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ဖြုန်းပါ၊ တစ်ယောက်တည်း အပြင်သွားကြည့်ပါ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

(၇) စိတ်ဝိညာဉ်ဆိုင်ရာ အနားယူခြင်း

မိမိယုံကြည်ရာ ဘာသာအလိုက် ဆုတောင်းမယ်၊ ရွတ်ဖတ်မယ်၊ တရားထိုင်မယ်၊ ယောဂကျင့်မယ်၊ သဘာဝနဲ့ ထိတွေ့မယ်၊ အကောင်းမြင်စိတ်နဲ့ စိတ်ထားတတ်အောင်နေမယ်၊ သူများကို ကူညီမယ်၊ လှူဒါန်းပေးကမ်းမယ် ဒီအရာတွေက စိတ်ကို အေးချမ်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေမှာ ဖြစ်ပါတယ်။

ဒီလို အနားယူခြင်း(၇)မျိုးကို နေ့စဉ်ဘဝမှာ ထည့်သွင်းပြီး အနားယူမယ်ဆိုရင်တော့ ပိုအဆင်ပြေပြီး နေပျော်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်နော်။🥰🥰