Knowledge, Life Style, Medical

အူမကြီးကင်ဆာကာကွယ်ရန်လုပ်ဆောင်သင့်တဲ့နည်းလမ်းများ…

💁🏻‍♀️ အူမကြီး ကင်ဆာဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစားပဲ ဖြစ်ပါတယ်။ အူမကြီးဆိုတာက အစာခြေလမ်းကြောင်းရဲ့ နောက်ဆုံးအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ အူမကြီးကင်ဆာက အဖြစ်များဆုံး ကင်ဆာအမျိုးအစားထဲမှာ ပါဝင်ပြီး အမျိုးသမီးရော အမျိုးသားပါ အဖြစ်များပါတယ်။

အူမကြီးကင်ဆာက များသောအားဖြင့် လူကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေးခံစားရနိုင်ပါတယ်။

ဒီနေ့မှာ အူမကြီးကင်ဆာကို ကာကွယ်နိုင်စေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မဟာစံရဲ့ မိတ်ဆွေတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။🤗

၁။ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေစားပါ။

အနီရောင်ရှိတဲ့ အသားတွေကို မီးပြင်းပြင်းနဲ့ ကင်စား၊ ပြုတ်စားတာတွေအပြင် သဘာဝအတိုင်းမဟုတ်ပဲ ပြုပြင်စီမံထားတဲ့ အသားတွေကို စားမိတာတွေက အူမကြီးကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေနိုင်တာကြောင့် တတ်နိုင်သမျှ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။

၂။ ဆေးလိပ်နဲ့ အရက်လျော့ပါ။

အူမကြီးကင်ဆာက အခြားကင်ဆာတွေကဲ့သို့ ဆေးလိပ်နဲ့ အရက်သောက်ခြင်းတွေကနေလည်း ဖြစ်နိုင်တာကြောင့် ဆေးလိပ်နဲ့အရက်ကို တတ်နိုင်သမျှ လျှော့သင့်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လှုပ်ရှားမှု မရှိတာက အဝလွန်စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို တက်လာစေနိုင်တာကြောင့် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း နာရီဝက်မှတစ်နာရီကြာပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

၄။ အူမကြီးမှန်ပြောင်း ပုံမှန်ကြည့်ပါ။

အူမကြီးက စစဖြစ်ချင်းမှာ လက္ခဏာမပြတတ်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ချေရှိသူများအနေဖြင့် မှန်ပြောင်းပုံမှန်ကြည့်ပေးဖို့ လိုအပ်ပါတယ်။ ဝမ်းအတွင်းသွေးပါခြင်း၊ ဗိုက်နာခြင်း (အစာအိမ်နာခြင်း)၊ အကြောင်းအရင်းမရှိ ဝမ်းချုပ်ခြင်း၊ အားနည်းခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း၊ ပုံမှန်စားသော်လည်း ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း၊ မစင်များ ပုံသဏ္ဍာန်နှင့် အရွယ်အစား ပြောင်းလဲခြင်း၊ မူးဝေခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း စတဲ့ လက္ခဏာများ ဖြစ်ပေါ်လာရင် အမြန်ဆုံး ဆေးစစ်ကုသမှုခံယူသင့်ပါတယ်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်တာကြောင့် အချိန်မှီသိရှိကုသပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်စေဖို့ မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။😊

မိတ်ဆွေများအားလုံး နေ့ရက်တိုင်းကျန်းမာကြပါစေရှင်။🥰🥰