နှလုံးရောဂါနဲ့ ပတ်သက်လို့ စိုးရိမ်ခြင်းကင်းစေဖို့ ပြုမူနေထိုင်သင့်တဲ့ အချက်များ
🫀 နှလုံးရောဂါက အရမ်းကို ဂရုစိုက်သင့်တဲ့အထဲမှာ ပါဝင်ပါတယ်။ ရုတ်တရတ်နှလုံးအမောဖောက်တာ ၊ နှလုံးခုန်မြန်တာ ၊ နှလုံးသွေးကြောကျဉ်းတာ စသဖြင့် နှလုံးနဲ့ ပတ်သက်လို့ ဝေဒနာအမျိုးမျိုးကို စိုးရိမ်နေရခြင်းမှ ကင်းဝေးဖို့ ပြုမူနေထိုင်သင့်တဲ့ အချက်လေးတွေကို မဟာစံရဲ့ မိတ်ဆွေတို့အတွက် ဝေမျှပေးလိုက်ရပါတယ်ရှင်။🤗
၁။ အစားအသောက်ကို သတိထားရွေးချယ်ပါ
အဆီများလွန်းသောအစားအစာများ ၊ အချိုများသော အစားအစာများကို လျှော့စားပေးသင့်ပါတယ်။ ဆားအလွန်အကျွံစားသုံးခြင်းကိုလည်း လျှော့ချပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်စေမယ့် အသီးအရွက်၊ ဟင်းသီးဟင်းရွက်၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို များများစားသုံးပေးသင့်ပါတယ်။
၂။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ
နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းဖြင့်လည်း ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေပါတယ်။ တစ်ပတ်လျှင်အနည်းဆုံး (၅)ရက် တစ်နေ့ မိနစ် (၃၀)လောက် လမ်းလျှောက်ခြင်း ၊ ပြေးခြင်း၊ စက်ဘီးစီးခြင်းစတဲ့လေ့ကျင့်ခန်းအချို့ ပြုလုပ်ပေးသင့်ပါတယ်။
၃။ ဆေးလိပ်၊ အရက်ကိုရှောင်ပါ
ဆေးလိပ်က သွေးကြောများကို တင်းစေပြီး နှလုံးရောဂါအန္တရာယ် တိုးစေပါတယ်။ အရက်များများသောက်တဲ့အခါ သွေးပေါင်၊ သွေးအဆီတက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်နဲ့ အရက်ကို ရှောင်သင့်ပါတယ်။
၄။ ကိုယ်အလေးချိန်ကို ထိန်းချုပ်ပါ
ကိုယ်အလေးချိန်တက်တဲ့အခါ ရောဂါတွေအဖြစ်များလာစေနိုင်ပါတယ်။ အထူးသဖြင့် သွေးပေါင်တက်ခြင်းအပြင် ဆီးချိုနှင့် နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို လေ့ကျင့်ခန်းတစ်ခုခုလုပ်ခြင်းဖြင့် ထိန်းချုပ်ပေးပါ။
၅။ စိတ်ဖိစီးမှုကို လျှော့ချပါ
နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့အခါ စိတ်ဖိစီးစရာတွေ စိုးရိမ်ပူပန်မှုတွေ ရှိတတ်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ အိပ်ရေးဝအောင်အိပ်ပါ၊ သေချာအနားယူပါ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ၊ တရားထိုင်ပါ။
၆။ ကျန်းမာရေး စစ်ဆေးမှု ပုံမှန်လုပ်ပါ
ခန္ဓာကိုယ်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေ ဥပမာ – သွေးတိုး ၊ ဆီးချိုတွေနဲ့ပတ်သက်လို့ ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့လိုအပ်ပါတယ်။ ဒါမှသာ ရောဂါကို မြန်မြန်သိပြီး ကြိုတင်ကာကွယ်နိုင်စေမှာ ဖြစ်ပါတယ်။
၇။ ညအိပ်ချိန်ပုံမှန်ထားပါ
ညဘက်အိပ်မပျော်ခြင်းက နှလုံးအပေါ်ဖိအားတက်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ၇-၈ နာရီလောက်ပုံမှန်အိပ်စက်ပေးသင့်ပါတယ်။ ဒါမှသာ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။
ရောဂါတွေက တစ်ခုဖြစ်ပြီးဆိုတာနဲ့ နောက်ဆက်တွဲအနေနဲ့ လိုက်လာတတ်တာကြောင့် မဖြစ်ခင်ကနေ ကြိုတင်ကာကွယ်နိုင်တာအကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ပြောသွားတဲ့ အချက်လေးတွေကို သေချာလေးလိုက်နာလုပ်ဆောင်ပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။🥰
မဟာစံရဲ့ မိတ်ဆွေများ ကျန်းမာပြီး ရောဂါဘယများကင်းဝေးကြပါစေရှင်။🙏🏻🙏🏻
