စိတ်ဖိစီးမှုဆိုတာ အသက်ကြီးမှဖြစ်တယ် အသက်ငယ်ရင်မဖြစ်ဘူးဆိုတာ အယူအဆအလွဲတွေပါ။ ကလေးလည်း ကလေးနဲ့တန်တဲ့ စိတ်ဖိစီးမှုခံစားရသလို လူကြီးဆိုလည်း လူကြီးလောက် စိတ်ဖိစီးစရာတွေများလှပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေများလာတဲ့အခါ ဘာတွေခံစားရသလဲဆိုတော့
ခေါင်းကိုက်ခြင်း။
ရာသီဥတုနဲ့ နေထိုင်မကောင်းဖြစ်တာကြောင့် မဟုတ်ဘဲ အလုပ်များတဲ့အခါ အလုပ်ရှုပ်တဲ့အခါ တွေးစရာတွေများတဲ့အခါ ဒေါသထွက်တဲ့အခါ စိတ်မကျေနပ်တဲ့အခါ အလိုလိုနေရင်း ခေါင်းကိုက်တာကိုကြုံဖူးကြမှာပါ။ ဒါဟာ စိတ်ဖိစီးခြင်းရဲ့ နောက်ဆက်တွဲ ရလိုက်တဲ့ရောဂါပါ။ ဒီလိုခံစားနေရရင် လုပ်လက်စအလုပ်တွေကို ခဏနား၊ တွေးလက်စ အတွေးတွေကို ဘေးချထားပြီး စိတ်ကိုအနားပေးလိုက်ပါ။ ဒါမှလည်း သက်သာမှာပါ။ ဒါကိုမနားဘဲ ဆက်ပြီးလုပ်နေမယ်ဆိုရင် နာတာရှည်ခေါင်းကိုက်ရောဂါလိုမျိုးပါ ဖြစ်သွားနိုင်ပါတယ်။
အသက်ရှူမဝခြင်း။
ရင်ထဲ တင်းကြပ်ပိတ်ဆို့လာပြီး အသက်ရှူမဝဖြစ်တာကလည်း စိတ်ဖိစီးမှု ခံစားနေရလို့ပါ။ စိတ်ဖိစီးမှုတွေများတဲ့အခါ ဒီလိုလက္ခဏာမျိုးကို အထူးသဖြင့် အမျိုးသားတွေမှာ တွေ့ရပါတယ်။ အခက်အခဲတွေကို တယောက်တည်းရင်ဆိုင်ရတဲ့အခါ ခံစားချက်တွေကို ပိတ်လှောင်တာများလာတဲ့အခါမှာ ဒီလို အသက်ရှူမဝတာဖြစ်တတ်ပါတယ်။
နှလုံးခုန်နှုန်းအဆမတန်မြန်လာခြင်း။
စိတ်ဖိစီးတဲ့အခါ အပေါ်မှာပြောထားသလို အသက်ရှူမဝဖြစ်တာကို အတင်းလုရှူရင်း နှလုံးခုန်နှုန်းတွေမြန်လာတာပါ။ ပြီးတော့ လူတွေဟာ ကြောက်တဲ့အခါမှာလည်း နှလုံးခုန်နှုန်းမြန်တာကိုတွေ့ရပါတယ်။ တခုခုကို ပြင်းထန်စွာခံစားရတဲ့အချိန်ဖြစ်တာမို့ အခန့်မသင့်ရင် နှလုံးရောဂါတောင်ရနိုင်ခြေရှိပါတယ်။
စိုးရိမ်ကြောင့်ကြမှုများခြင်း။
စိုးရိမ်တာ စိတ်ပူတာ စိတ်မချတာ စိတ်ပင်ပန်းတာတွေက စိတ်ဖိစီးမှုဝင်ရောက်ဖို့ကို ဖိတ်ခေါ်နေသလိုပါပဲ။ တတ်နိုင်သမျှ ဒီစိတ်တွေကိုလျှော့ချပေးဖို့လိုပါတယ်။ ဒါမှလည်း စိတ်ဖိစီးမှုကင်းဝေးပြီး ပျော်ရွှင်မှာပါ။
တခါတရံမှာ စိတ်ဖိစီးမှုဆိုတာ မလိုချင်ဘဲ ရလာတဲ့ ဝေဒနာဖြစ်တဲ့အတွက် တရားထိုင်ခြင်း၊ ယောဂကျင်းခြင်း၊ အနားယူအပမ်းဖြေခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ စာရေး စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းတွေပါ လုပ်ရင်း စိတ်ဖိစီးမှုတွေကိုဖြေဖျောက်ကြပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကိုလျော့ချပေးပြီး စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးဖြည့်စွက်စာတွေက
Magnesium
Ashwagandha
Melatonin
Vitamin C
Omega 3
Vitamin B
Vitamin D
ဖော်ပြပါ ဖြည့်စွက်စာတွေက မတူညီတဲ့နည်းလမ်းမျိုးစုံနဲ့ စိတ်ကိုကျန်းမာစေတယ်၊ စိတ်အနားရစေတယ်၊ စိုးရိမ်ပူပန်မှု စိတ်ဖိစီးမှုတွေလျော့ကျစေပြီး စိတ်ကျရောဂါကိုသက်သာစေကာ ဟော်မုန်းလည်ဘယ်ကိုလည်း ညီမျှစေပါတယ်။
အားလုံးပဲ စိတ်ဖိစီးမှုမှကင်းဝေးပြီး စိတ်ချမ်းသာမှုတွေသာရရှိပါစေလို့ ဆန္ဒပြုရင်း . . .