လူ့ဘဝမှာ နေ့စဉ်နဲ့အမျှရုန်းကန်ရတာ ပင်ပန်းလှပါတယ်။ ထို့အတူ မကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်ရတာ ပိုလို့တောင်ပင်ပန်းပါတယ်။ ကျန်းမာပြီးနေထိုင်ကောင်းနေမယ်ဆိုရင်တော့ သေချာပေါက်ပျော်ရွှင်ရတာပေါ့ရှင်။ ဒါဆို ကျန်းမာဖို့က သင့်လက်ထဲမှာရှိသလို ပျော်ရွှင်မှုကိုလည်း သင်ကိုယ်တိုင်ဖန်တီးနိုင်တာမို့ ဒါတွေကိုတော့ ရှောင်ပေးပါနော်။
မချင့်ချိန်ဘဲ စားသောက်ခြင်း။
လူမှာ အကျင့် ဝမ်းမှာ အချင့်ဆိုသလို တွေ့ရာမြင်ရာတွေကို မချင့်ချိန်ဘဲ စိတ်အလိုကိုလိုက်ပြီး စားသောက်နေမယ်ဆိုရင် တကယ်တမ်းခံရမှာက ကိုယ်တိုင်ပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်သင့်တော်မယ့် ကိုယ့်အတွက် လုံလောက်သောပမာဏကိုသာ စည်းကမ်းရှိရှိ စားသောက်ပြီး ကိုယ့်ရဲ့ လွဲမှားနေတဲ့ စားသောက်မှုပုံစံလေးကိုပဲပြောင်းလိုက်မယ်ဆိုရင် ကျန်းမာရေးက အတော်လေးသိသာတိုးတတ်လာပါလိမ့်မယ်။
ကိုယ်လက်လှုပ်ရှားမှုမလုပ်ခြင်း။
တနေကုန် တနေခမ်း လှုပ်ရှားမှုမရှိဘူးဆိုရင်တော့ သင့်ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းနေပါပြီး။ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေ သွေးလည်ပတ်မှုတွေ ပုံမှန်မဖြစ်တော့ဘဲ နေရထိုင်ရတာ လေးလံထိုင်းမှိုင်းနေပါလိမ့်မယ်။ အနည်းဆုံး တရက်ကို နာရီဝက်လောက်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သင့်ပါတယ်။
ကျန်းမာရေးကိုဂရုမစိုက်ခြင်း။
အရက် ဆေးလိပ်သောက်ခြင်း၊ သရေစာများ အလွန်အကြူး စားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ရန်ပျင်းရိခြင်း၊ ကျန်းမာရေးစစ်ဆေးမှုပုံမှန်မလုပ်ခြင်း၊ လိုအပ်သော ဆေးဝါး ဓါတ်စာ ဖြည့်စွက်စာများ မမှီဝဲခြင်းကိုလည်း ရှောင်ကျဉ်ကြပါနော်။
လုံလောက်စွာအိပ်စက်မှုမရှိခြင်း။
အိပ်ရေးဝဝမအိပ်ရခြင်းကလည်း လူကိုပင်ပန်းနွယ်နယ် နုံးချိစေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေကို ကစဉ့်ကလျဖြစ်စေပြီး အချိန်ကြာလာတာနဲ့အမျှ မလိုလားအပ်သောရောဂါများဖြစ်သည့် ခေါင်းကိုက်ခြင်း၊ စိတ်မတည်ငြိမ်ဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်းများ ဖြစ်လာနိုင်ပါတယ်။
လေကောင်းလေသန့်ရှုရှိုက်မှုမရှိခြင်း။
ကောင်းမွန်သောလေကို လုံလောက်စွာမရရှိခြင်းကလည်း အဆုတ်နှင့်တခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဝင်နိုင်ပါတယ်။ တရက်ကို အနည်းဆုံး ၅ မိနစ်မှ ၁၅ မိနစ် အထိ အသက်ရှုလေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် သင့်ရဲ့ အသက်ရှုလမ်းကြောင်း နှင့် အဆုတ်ကိုကျန်းမာအောင်ထားပါလေ။
အကြီးအကျယ်မလုပ်နိုင်ရင်တောင် မဟာစံအခုဝေမျှပေးသွားတဲ့ အခြေခံအချက်လေးတွေကို လိုက်နာပြီး နေထိုင်မှုပုံစံကိုပြောင်းလိုက်မယ်ဆိုရင် အတော်လေးကို ဟန်ကျလှပါပြီရှင်။ အားလုံးပဲ အတူတူ လိုက်ပါလုပ်ဆောင်ကြမယ်လို့ မျှော်လင့်ရင်း . . .